ဘာရယ် ညာရယ် မဟုတ်ပါဘူး တာရာမင်းဝေရဲ့ ကောင်းကင်အကြွေကောက်တဲ့လက် စာအုပ်ထဲက ကဗျာလေးက လှတာနဲ့ ကူးပြီးတင်ထားတာပါ........တစ်နေ့ပြီးတစ်နေ့ ဆိုနေရတဲ့ သီချင်းပေမယ့်
မပျင်းပါဘူး။
ဘ၀က ခြေဆင်းထိုင်နေရုံလေးနဲ့တော့
အဲဒီလို မပြောကြပါနဲ့။
တောင်စွယ်မှာ နေကွယ်တာကို မြင်သားပဲ။
ဘာဖြစ်လဲ...
အဲဒီဓားက မလွဲခဲ့ဘူးဆိုရင်တောင်
ငါကလည်း မပြိုလဲခဲ့ပါဘူးကွယ်။
ကျောင်းဆင်းခေါင်းလောင်းသံကို မကြားရတာ ကြာပြီ။
တစ်ယောက်တစ်လမ်းစီ မသွားရတာလည်း ကြာပြီ။
ကိုယ်က တခြား သူက တခြား ဖြစ်ခဲ့ကြပေမယ့်
ဘယ်သူမှ မလွဲမှားခဲ့ကြတာလည်း ကြာပြီ။
ဘာတွေ ဖြစ်ခဲ့ဖြစ်ခဲ့
ဘယ်သူတွေ ဘယ်လိုပြောပြော
ငါ့အတွက်တော့
နေသံ လသံ ရောနေခဲ့တာလည်း ကြာပြီ။ ။
ဘာရယ် ညာရယ် မဟုတ်ပါဘူး တာရာမင်းဝေရဲ့ ကောင်းကင်အကြွေကောက်တဲ့လက် စာအုပ်ထဲက ကဗျာလေးက လှတာနဲ့ ကူးပြီးတင်ထားတာပါ........
အဲဒီစာအုပ်က
သူ့ကိုယ်သူ ကတ်ထူအင်္ကျီနဲ့ ပြန်ချုပ်တယ်
အဘိဓာန်နည်းနည်း လုပ်မလို့တဲ့။
စီးကရက်က ပြောတယ်
သူ့ကို နှုတ်ခမ်းများမှာ တပ်ချင်တပ်ပါ
တံတွေးနဲ့ လာမကပ်ပါနဲ့.... တဲ့။
ဟုတ်တော့လည်း ဟုတ်ပါတယ်လေ
ဖိနပ်က
လှေကားခြေရင်းမှာ ရပ်တယ်။
သူ့အမေက
အလှူအိမ်တွေဘက် မသွားဖို့ မှာလိုက်တယ်တဲ့။
တီ.... တီ..... တီ
နာရီက သူ့ကိုယ်သူ နှိုးစက်ပေးချင်လှပြီ။
မျက်မှန်က နိုးပြီး မျက်လုံးက မနိုးဘူး
ဆိုးလိုက်တာ။
ဂေါက်သီးရိုက်တံကလည်း
မြေကြီးထရံမှာ သူ့ကို ချိတ်ထားလိုက်ပါ..... တဲ့။
ကျင်းတွေကို နာခံရတာ ကျဉ်းတယ်ဆိုပဲ။
ဆေးပုလင်းကို စားပွဲပေါ် တင်ထားလိုက်တော့
ဖော့ဆို့လို
ကျွန်တော့်ကို လွတ်လပ်ခွင့် ပေးပါ။
အဲဒီမှာ
ခင်ဗျားအတွက် ခြေကြွခ
လျှောက်ပြလိုက်စမ်းပါ
ဆင်မယဉ်သာ။ ။